OPEN

ကျမခြံထဲ ကျုးကျော်တဲ

February 21, 2020

အခန်းဆက်ဖြစ်ရပ်မှန်
၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ ကျမ ရန်ကုန်ကို ပြန်လာတဲ့အကြောင်းကို ဆက်ရေးချင်ပါတယ်။ ခြံဘေးနားက ကေတီဗီ ချိတ်ပိတ်ခံရပြီးနောက်၊ ကျမ မြန်မာပြည်ကနေ ထွက်လာခါနီး အောက်တိုဘာလမှာ ခြံရဲ့တစ်ဖက်ခြမ်းမှာ ကျုးကျော်ဝင်တဲ့ကိစ္စ ဖြေရှင်းဖို့ ရှိပါတယ်။ ကေတီဗီရှိတဲ့ဖက်က လမ်းမကြီးဖက်မို့လို့ အိမ်ဆောက်ဖြစ်ခဲ့တာပါ။ ဟိုဖက်ခြမ်းကတော့ လမ်းလေးထဲ ဝင်ရတာမို့လို့ ခြံစည်းရိုးကာထားပြီး ခြံစည်းရိုးအပြင်ဖက်နဲ့ လမ်းမကြားမှာ ကျွန်းပင်တွေ စိုက်ထားပါတယ်။ အဲ့ဒီဖက်ကနေ ခြံထဲ ကားဝင်ဖို့လဲ ချန်ထားပါတယ်။ အဲဒါ ခြံစည်းရိုးနဲ့ ကားလမ်းကြားက ကျွန်းပင်ကြားမှာ ကျုးကျော်တဲ သုံးလုံး လာဆောက်သွားတာ တစ်နှစ်လောက်ရှိပါပြီ။ ကျမခြံနဲ့ လမ်းမကြားကို သူတို့တဲဆောက်ရုံတင်မက ခြံစည်းရိုးထပ်ကာလိုက်သေးတယ်။ ကျမ အဝေးကနေ ဖုန်းဆက်ပြီး ဖယ်ပေးဖို့ ရပ်ကွက်ဥက္ကဌကို တောင်းဆိုဖူးပါတယ်။ ဒါပေမယ့် ဘာမှ မထူးလာခဲ့ပါဘူး။

ဒီတစ်ခေါက်မှာတော့ လမ်းထဲကို သွားကြည့်တာ ကျုးကျော်တွေက လမ်းဘေးနှစ်ဖက် ခြံကာထားလို့ လမ်းထဲမှာ ကားမောင်းဝင်လို့တောင် မရတော့ပါဘူး။ ဒီကိစ္စ မဖြေရှင်းလို့ မရတော့ဘူးဆိုပြီး ရပ်ကွက်ဥက္ကဌ ဦးကျော်ဝင်းရဲ့ အိမ်အထိ တကူးတကသွားတွေ့ပါတယ်။ ဒီလိုနဲ့ လမ်းမနဲ့ ခြံကြားမှာဆိုတော့ ဆည်မြောင်းနဲ့ဘဲ ဆိုင်ပါတယ်လို့ အကြောင်းကြားလာတဲ့အခါ၊ မှော်ဘီမြို့နယ် ဆည်မြောင်းဌာနကို ကျမ သွားပါတယ် (ကျမက တစ်ခုခုလုပ်တော့မယ်ဆိုရင် ခရီးဆုံးထိဆက်တိုက် လုပ်တတ်သူလေ)။ ကျမ ခြံ တစ်ဖက်ကနေ ကားဝင်လမ်းကို ကျုးကျော်တဲက ခြံစည်းရိုးထပ်ကာပြီး ပိတ်ထားလို့ ကားလမ်းနေရာတော့ ဖြေရှင်းပေးဖို့ သွားတောင်းဆိုပါတယ်။ ဒီကိစ္စကို ဆည်မြောင်းဌာနကလဲ ကြိုသိထားပြီးဖြစ်ပါတယ်။ သူတို့က မြို့နယ်အစည်းအဝေးမှာ ရပ်ကွက်လူကြီးမှ တင်ပြမှသာ ဆည်မြောင်းက ဖြေရှင်းပေးနိုင်မယ်တဲ့။ ရပ်ကွက်ဥက္ကဌကလဲ ဘယ်တော့မှ အစည်းအဝေးမှာ မတင်ပြပါဘူးတဲ့။ မြောင်းတကာ စက်မှုဇုံအနီးတစ်ဝိုက်က ကျုးကျော်တွေအတွက် ချပေးတဲ့ စလစ်တွေလဲ ရောင်းစားကြတာ ကျုးကျော်နေရာကတော့ နဂိုပုံမှန်အတိုင်းဘဲ မဖယ်ပေးကြပါဘူးတဲ့။

ကျမလဲ ရပ်ကွက်ဥက္ကဌကို ဖုန်းခေါ်ပြီးမေးတာ ဘာလို့ အစည်းအဝေးမှာ မတင်ပြတာလဲလို့ မေးတော့ အခုတော့ မပြောလို့ မဖြစ်တော့ဘူးတဲ့ အဲ့ကျုးကျော်တဲဆောက်တာ ကျနော့်အမျီုးတွေမို့ မတင်ပြရတာပါတဲ့... ရှင်းရော။ အဲဒီမှာဘဲ ကျမဘေးမှာ ရှိနေတတ်တဲ့ ကိုအေးက အမနဲ့တွေ့ရင် ဘာမှ ဖုန်းကွယ်လို့မရတော့ဘူးနော်တဲ့။

ကျုးကျော်တဲမှာလဲ လူမနေပါဘူး။ အဖြစ်သဘောဘဲ တဲကိုဆောက်ထားလိုက်ကြတာပါ။ ဆောက်ခိုင်းတဲ့သူတွေကလဲ ရပ်ကွက်ထဲက အချမ်းသာဆုံးတွေမှန်း သိလာခဲ့ရတယ်။ ကျမ အခုဆုတောင်းနေပါတယ်။ ဇွန်လမှာ ကျမ ပြန်လာတဲ့အခါ ကျုးကျော်တဲတွေ မရှိတော့ဖို့၊ သူတို့အလိုလို ထွက်ခွါသွားဖို့ ဆုတောင်းနေပါတယ်။

ကျမရဲ့ မြန်မာပြည်နေရပ်လိပ်စာက မှော်ဘီ မြောင်းတကာလို့ မိမိကိုယ်ကို သတ်မှတ်ထားသူပါ။ မြောင်းတကာစာသင်ကျောင်းလိုအပ်တယ်ဆိုတုန်းကလဲ လှုခဲ့ပါတယ်။ စာကြည့်တိုက်လိုတယ်ဆိုပြန်တော့လဲ လှုခဲ့ပါတယ်။ မိမိဇာတိမြေလို့ သတ်မှတ်တဲ့နေရာမှာ ထိုနေရာရှိ ရပ်ကွက်လူကြီးတစ်ချို့က ကျမခြံကို ကျုးကျော်ဆောက်ဖို့ လူလွှတ်တယ်ဆိုတာ ဝမ်းနည်းစရာပါ။

စုံစမ်းနှောက်ယှက်ခြင်းမှ ကင်းလွတ်လိုသူ။

ချစ်ခြင်းများစွာဖြင့်

Levi Sap Nei Thang
www.LeviSapNeiThang.com
FB: www.facebook.com/LeviSapNeiThang.net
IG: www.instagram.com/levi_sap_nei_thang


Menu